ဗမာလူမျိုးကြီးဝါဒီနှင့် သမိုင်းအစဉ်အလာများ
အသျှင်ကောဝိဒ
ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းတွင် အလွန်တရာမှ အထွဋ်အမြတ်ထားသော ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တို့ ရှိကြမြဲပင် ဖြစ်သည်။ ထိုယဉ်ကျေးမှုသမိုင်း အမွေအနှစ်တို့သည်ပင်လျှင် ၄င်းလူမျိုးတို့၏ အသက်သွေးကြောဖြစ်သည်။ ထိုနည်းတူစွာ ကျွန်တော်တို့ရခိုင်လူမျိုးမှာလည်း အသက်ထက်မက တန်ဖိုးထားကြသော ယဉ်ကျေးမှု သမိုင်းအမွေအနှစ်များစွာရှိနေသည်မှာ မျက်မြင်ပင်ဖြစ်သည်။
ထိုမျှကြီးကျယ်ခန်းနား တန်ဖိုးရှိသော ကျွန်တော်တို့ ရခိုင်လူမျိုးတို့၏ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်တို့ကို ကျွန်တော်တို့၏ ဘိုးစဉ် ဘောင်ဆက်တို့က အသက်သွေးနှင့်ရင်ပြီး စောင့်ရှောက်လာခဲ့ကြပေသည်။ တနည်းအားဖြင့်ဆိုရသော် ကမ္ဘာပေါ်ရှိ လူသားတိုင်းက မိမိတို့၏ ယဉ်ကျေးမှုသမိုင်းအမွေ အနှစ်တွေကို မိမိတို့၏အသက်သွေးကြောဟုပြောဆိုကြသော်လည်း ကျွန်တော်တို့ ရခိုင်လူမျိုးအတွက်မူကား “ရခိုင်ယဉ်ကျေးမှု သမိုင်းအမွေ အနှစ်တို့သည် ကျွန်တော်တို့ ရခိုင်လူမျိုးတို့၏ အသက်သွေးကြော”ဟု တင်စားရုံလောက်နှင့် လုံလောက်ပြည်စုံအံ့မထင်ပါ။ အဘယ်ကြောင့်ဆိုသော်…. ဒီရခိုင်ယဉ်ကျေးမှု သမိုင်းအမွေအနှစ်တွေကို ကျွန်တော်တို့၏ ဘိုးဘွား၊ ဘီဘင်တို့သည် ခေတ်အဆက်ဆက် အသက်ပေါင်းများစွာကို ပေးဆပ်ခဲ့ကြသောကြောင့်ပင်ဖြစ်သည်။
ဤတွင် တခုစဉ်းစားစရာရှိသည်မှာ ဤမျှကြီးကျယ်ခန့်နားထည်ဝါသော ရခိုင်လူမျိုးတို့၏ အသက်သွေးကြော၊ တန်းဖိုးမဖြတ်နိုင်သော ရခိုင်တို့အဆက်ဆက် အသက်တမျှ တန်းဖိုးထား၊ ထိမ်းသိမ်းရှောက်လာခဲ့ကြသော ဘုထိုး၊ စေတီ၊ သာသနိက အဆောက်အဦးတို့သည် အခုခေတ် ရခိုင်တို့လက်ထက်ကျမှ တိုင်းတပါးလူမျိုးတို့၏ ဖျက်ဆီးခြင်းကို ခံနေရခြင်းသည်ကား အမျိုးကို အလွန်တရာချစ်လှပါသည်ဆိုသော ရခိုင်ပြည်ဖွား ရခိုင်သားများအတွက် အလွန်တရာမှရှက်စရာပင်။ ဖျက်ဆီးနေသော ဗမာလူမျိုးကြီးဝါဒကိုကား အပြစ်မတင်လိုတော့ပါ။ အဘယ်ကြောင့်ဆိုသော်--
ဗမာသမိုင်းတလျှောက်ကိုပြန်ကြည့်မည်ဆိုပါလျှင် အကောင်းဟူ၍လက်ညှိုးထိုးပြစရာ နည်းနည်းလေးမှ မရှိသောကြောင့် ပင်ဖြစ်သည်။ “ဗမာစကားသည် ဒို့စကား၊ ဗမာစာသည် ဒို့စာ၊ ဗမာသမိုင်းသည် ဒို့သမိုင်း” စသည်ဖြင့်ကြွေးကြော်လျှက် ဗမာတိုင်းရင်သားမှတပါး တခြားသောတိုင်းရင်းသားများကိုမူကား မျိုးပြုန်းအောင်လုပ်ဆောင်နေပြီး၊ သမိုင်းအမွေအနှစ် စသည်တို့ကိုလည်း နည်းမျိုးစုံဖြင့် ခိုးယူ၊ ဖျက်ဆီးနေကြခြင်းကိုလည်း နေ့စဉ်နှင့်အမျှ တွေ့မြင်နေကြရပေသည်။
ရခိုင်လူမျိုးတို့နှင့် တခြားတမြေတည်းဖွားတိုင်းရင်းသားတို့၏ ရိုးသား၊ ပျော့ညံ့မှုကို အကွက်ကောင်းယူပြီး ဗမာလူမျိုးကြီးဝါဒီတို့ ထင်တိုင်းကြဲနေပြီး ယဉ်ကျေးမှုသမိုင်းအမွေ အနှစ်အပါအဝင်၊ မျိုးပြုန်းအောင် သတ်ဖြတ်နေကြခြင်းကို ဘဝတူ တိုင်းရင်းသားညီအကို မောင်နှမတို့ မြင်ကြပေလိမ့်မည် လို့ထင်ပါသည်။ ရခိုင်တို့၏ အထွဋ်အမြတ်ထားသော မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီးကိုလည်း အတင်းအဓမ္မသိမ်းကျုံး ခိုးယူပြီးနောက် ဗမာပြည်သို့ယူဆောင်ပြီး၊ ယူဆောင်၍မရသော သာသနိက အဆောက်အဦး၊ ဘုရားပုထိုး စေတီတို့ကို ရည်ရွယ်ချက်ရှိရှိ မြီလှန်ဖျက်ဆီးနေခြင်းသည် ရခိုင်တို့ကို ရခိုင်တို့ပိုင်ဆိုင်သော မြေပေါ်မှအပြီးပိုင် ဖျောက်ဖျက်လိုက်ခြင်းဖြစ်သည်။
ထိုကဲ့သို့ဖျက်ဆီးနေခြင်းကို “မလုပ်ကြပါနဲ့၊ တောင်ပန်ပါတယ်။” လိုပြောပြီး၊ လက်ပိုက်ကြည့်လို့ ဒေါသထွက်နေရုံကလွဲပြီး ကျွန်တော်တို့ ရခိုင်သားတွေ ဘာတွေလုပ်နိုင်ကြမှာလဲလေ။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေ အထွဋ်အမြတ်ထားသော အရာဟူသမျှကို အတင်းအဓမ္မသိမ်းသွင်း၊ လုယူဖျက်ဆီးနေတာကို သိလျှက်သားနှင့် ဘာတခုမှလက်တုံ့မပြန်နိုင်ကြခြင်းသည် ကျွန်တော်တို့ ရခိုင်လူမျိုးတွေရဲ့ အရည်အသွေး၊ ဂုဏ်သိက္ခာ၊ မျိုးချစ်စိတ်ဓာတ်၊ ဇာတိသွေး ဇာတိမာန်တို့ ကုန်းကောက်စရာမရှိအောင် ပျောက်ကွယ်နေပြီလို့ပဲ ဆိုရလောက်ပေသည်။
ဗမာလူမျိုးတို့ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်တန်းဖိုးထားကြသည်ဆိုသည့်အချက်ကိုကား ဟန်ပြအယောင်ဆောင်လေလားလို့ တွေးတောစရာပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော်ကား- ရခိုင်လူမျိုးတို့သက်သက်သာမဟုတ်ပဲ၊ အရှေ့တောင်အာရှသမိုင်းမှာ သမိုင်းသုတေသီတို့ တန်းဖိုးထားလေးစားကြသော သာသနိကအဆောက်အဦး၊ ဘုရားပုထိုး၊ ကျောင်းကန်ဇရပ် အပါအဝင် တန်းဖိုးမဖြတ်နိုင်သော ရှေးဟောင်း သမိုင်းအမွေအနှစ်တွေကို ရထားလမ်းကိုအကြောင်းပြပြီး လမ်းဖောက်ဟန်ဆောင်လျှက် အငြိုးကြီးစွာဖြင့် အချက်ကျကျ ဖျက်ဆီးနေခြင်းကို ကြည့်ခြင်းအားဖြင့်လည်း အုပ်ချုပ်သူ ဗမာလူမျိုးကြီးဝါဒီတို့ ဗုဒ္ဓဘာသာကို ဘယ်လောက်ကိုင်းရှိုင်းတန်ဖိုးထား ရိုသေမှုရှိ၊ မရှိဆိုတာ ထင်ရှားနေပါသည်။
ဗမာလူမျိုးကြီးဝါဒီတို့သည် ဘုရားကျောင်းကန်၊ သမိုင်းအမွေအနှစ်တို့ကို ဖျက်ခြင်းကား ဒီမျှလောက်ပဲလားလို့ ဆန်းစစ်ကြည့်ပါက-- ဒီခေတ်တွင်သာမကပဲ လွန်လေခဲ့သော အတိတ်သမိုင်းအဆက်ဆက်ကလည်း ထိုကဲ့သို့လုပ်ဆောင်လာခဲ့ကြခြင်းကိုတွေ့ရပါသည်။ ဗမာဘုရင်တို့ ရခိုင်ကိုသိမ်းသော အခါကလည်း ရခိုင်ပြည်မှ ပညာတတ် လူပုဂ္ဂိုလ်နှင့် ရဟန်းပညာရှိတွေ ကိုသတ်ဖြတ်နှိပ်စက်ပြီး၊ သာသနိကအဆောက်အဦး၊ ဘုရားပုထိုးစေတီနှင့် မြောက်ဦးရွှေနန်းတော်အပါအဝင် ယဉ်ကျေးမှုအသမိုင်းအမွေအနှစ်တွေကို မီးရှိုးဖျက်ဆီးခဲ့ကြသည် မှာလည်း ထင်ရှားပါသည်။ ဗမာဘုရင် ယိုးဒယားကို ကျူးကျော်စဉ်ကလည်း ရဟန်တော်များကို သတ်ဖြတ်ညှင်းပန်း နှိပ်စက်သည့်အပြင်၊ သာသနိကအဆောက်အဦး၊ ဘုရားပုထိုးစေတီနှင့် ယဉ်ကျေးမှုအသမိုင်းအမွေအနှစ်တွေကို မီးရှိုးဖျက်ဆီး ခဲ့ကြသည်မှာ သမိုင်းကိုလေ့လာဖူးသူတိုင်း အသိပင်ဖြစ်ပါသည်။ တတိယမြန်မာနိုင်ငံတော်ကို ထူထောင်ပြီး၊ ဗမာတိုင်းရင်းသားတို့၏ သာသနာ့သမိုင်းတွင် ထင်ရှားသော ဗမာဘုရင် အနော်ရထာမင်းသည်လည်း မွန်တို့ဌာနေ သထုံပြည်ကို ဝင်ရောက်ထိုက်ခိုက်၊ သတ်ဖြတ်ပြီး ပိဋကတ်တော်ကို အကြမ်းဖက်၍ လုယူသိမ်းပိုက်ခဲ့ခြင်းဖြစ်ပါသည်။
ယခုမျက်မှောက်ခေတ် အုပ်ချုပ်သူ ဗမာလူမျိုးကြီးဝါဒီတို့သည် ရာနှင့်ချီသော ရဟန်းသံဃာတော်များကို အကျဉ်းချ သတ်ဖြတ်ထောင်ချထားပြီး ကမ္ဘာကျော်ခဲ့သော စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးနှင့်၊ အခုလက်ရှိ ရခိုင်လူမျိုးတစုအတွက်သာမက ဗုဒ္ဓဘာသာတိုင်းအတွက် တန်းဖိုးမဖြတ်နိုင်သော ဘုရားပုထိုးစေတီတော်များအပါအဝင် တန်းဖိုးမဖြတ်နိုင်သော ယဉ်ကျေးမှုသမိုင်းအမွေအနှစ်ကို ဖျက်ဆီးသောခြင်း ကိုကြည့်ခြင်းအားဖြင့် ဗမာလူမျိုးကြီးဝါဒီတို့၏ လုပ်ထုံးလုပ်နည်း သမိုင်းအစဉ်အလာတို့ကို စာဖတ်သူတို့ အသိပင်ဖြစ်ပေသည်။
အကယ်၍သာ ရခိုင်ပြည်ကိုတိုးတက်စေချင်သောဆန္ဒဖြင့် ရထားလမ်းကိုဖောက်လုပ်သည်ဆိုပါက ရခိုင်လူ တရပ်လုံးကသာမက ဗုဒ္ဓဘာသာတိုင်းနှင့် ရှေးဟောင်းသမိုင်းအမွေအနှစ်ကို တန်ဖိုးထားရမှန်းသိသူတိုင်းက အလွန်တရာမှ တန်ဖိုးထားသော ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ရှေးဟောင်းအမွေအနှစ်တွေကို ပျက်စီးသွားအောင်လုပ်မည်အစား ရခိုင်ပြည်နှင့် ဗမာပြည်မကို ဖောက်လုပ်ထားသော လမ်းကိုအရင်ဆုံးကောင်းအောင်သာ လုပ်သင့်သည်ဟု မြင်မိပါသည်။
...............
အသျှင်ကောဝိဒ
0 comments:
Post a Comment